နောင်ချို အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ လူမှုကူညီရေး အသင်းပိုင် နိဗ္ဗာန်ယာဉ် ဝယ်ယူရန်အတွက် အလှူရှင်များမှ ယမန်နေ့ နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဘူတာရပ်ကွက်နေ ဦးစိုးထိုက်+ဒေါ်သင်းသင်းဦး မိသားစုမှအလှူငွေ ၁၀၀၀၀၀/- လှူဒါန်းခဲ့ပြီး ယခင်ရက်များ၌လည်း အလှူရှင်အသီးသီးကလည်း လှူဒါန်းခဲ့ကြရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်းကို ဆရာတော်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ် ထားခြင်း ဖြစ်ပြီး အသင်းအနေဖြင့် မြို့နယ်၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများကို ဆောင်ရွက်ပေးလျက် ရှိသည့် အပြင် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အအေးခေါင်း ဝယ်ယူပြီး ပိုငွေကျပ်သိန်း(၂၀)ဖြင့် မတည်ကာ စုပေါင်းအလှူရှင်များဖြင့် နိဗ္ဗာန်ယာဉ် ဝယ်ယူသွားမည်ဖြစ်ကြောင်း သဖန်းကိုင်း ပရဟိတ ဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)