ခရီသွားဒေသသစ်တစ်ခုဖြစ်လာအုံးမည့် ညောင်ဦးခရိုင် ငါ့သရောက်မြို့ကတောင်ကုန်းကျေးရွာ ရိုးရာအိုးလုပ်ငန်း

ညောင်ဦး  စက်တင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာလေးသည် အိမ်ခြေ(၁၃၈)အိမ် ရှိသော ကျေးရွာဖြစ်ပြီး ဘယ်ခေတ်ဘယ်အချိန်ထဲက မြေအိုးလုပ်ငန်း လုပ်ကိုင်လာကြသည်ကို မည်သူတစ်ဦးတယောက်မှ ပြန်မပြောနိုင်ကြောင်း ရွာထဲရှိ အသက်အကြီးဆုံးအဘွားဒေါ်ညိုကပြောပြသည်။ ငါ့သရောက်မြို့ဖြစ်ပြီး ရပ်ကွက်များဖွဲ့ရာ တောင်ကုန်းရွာလေးသည်  အမှတ် (၃)ရပ်ကွက်ထဲ ပါသွားရာမှ   အမှတ်(၃)တောင်ကုန်းရပ်ဟု ခေါ်ဝေါ်နေဆဲပင်ဖြစ်ကြောင်း ရပ်မိရပ်ဖဦးနေလင်းကပြောပြသည်။

စိတ်ထားတူညီသောရွာ

ထိုတောင်ကုန်းရွာကလေးသည် အိမ်ထောင်စုအားလုံး ရှေးဘိုးစဉ်ဘောင်ဆက်ထဲက ရိုးရာအိုးလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်လာသော ကျေးရွာလေးဖြစ်ကာ  လုပ်ပြီသားအိုးအမျိုးမျိုးအား ရွာအရှေ့ထိပ်၊ မြောက်ထိပ်၊ တောင်ထိပ်ရှိအိုးဖို(ဖုတ်)သော မြေကွက်လပ် ကျယ်(၃)နေရာတွင်စုပေါင်းအိုးမီးဖို(ဖုတ်)လေ့ ရှိကြောင်းသိရသည်။ အိုးလုပ်ငန်းဘယ်ချိန်ထဲကလုပ်ခဲ့သလဲဆိုတာကတော့အိုးဖုတ်တဲ့ မြေကွက်လပ်ကြီး မြင့်မောက်နေတာသာကြည့်သိနိုင်ကြောင်း  တစ်ရွာလုံးရှိလူတိုင်း အိုးအမျိုးမျိုးပြုလုပ်တတ်ကြောင်း အိမ်တိုင်းမှာ အိုးပြင်စက်ရှိကြောင်းသိရပြီး အိုးအမျိုးမျိုးပြုလုပ်ရာတွင် အဓိကကုန်ကြမ်းမှာ ကန်မြေ အကြမ်း၊ အစီး(အချွဲ)သာ လိုအပ်ပြီး ကန်မြေအကြမ်းနှင့်အစီးရောစပ်ကာ လက်ဖြင့်ဆုပ်နယ်ခြင်း၊ခြေဖြင့်နင်းနယ်ခြင်းများပြုလုပ်ပေးရသည်။

အိုးလုပ်ရန်မြေသားစုဆောင်းခြင်း

အိုးလုပ်မြေသားများအား ရွံစေးမြေသားဖြစ်ရန်လိုအပ်ပြီး ရေကန်ထဲမှမြေသားများအား ကိုယ်တိုင်တူးယူခြင်းဖြင့်လည်းကောင်း၊ ဖောကားတစ်စီး(၁၇၀၀၀)ကျပ်ဖြင့် လည်းကောင်း၊လှည်းတစ်စီးလျှင်(၅၀၀၀)ကျပ်ဖြင့်ဝယ်ယူရရှိနိုင်ကာ အိုးလုပ်ငန်းအတွက် အိမ်ထောင်စု တစ်စုလျှင်ကန်မြေအကြမ်းနှင့်အစေး(အချွဲ)တစ်နှစ်စာ ဖောကား(၁၀)စီးတိုက်ကုန်ကြောင်း လှည်းဖြင့်တိုက်လျှင် လှည်းအစီး(၅၀)ကျော်ကုန်ကျကြောင်းနှင့်အိမ်ဝိုင်းထဲပုံထားလို့ ရသလောက်ဝယ်ယူစုဆောင်းခြင်း၊ မိသားစုလိုက်သယ်ယူခြင်းများ ဖြင့်မြေစုဆောင်းထားကြကြောင်းသိရသည်။

အိုပြင်စက်

နူးနပ်ပြီးသား ရောမွှေပြီးသားမြေသားအား အိုးအမျိုးမျိုးပြုလုပ်ရန်အတွက် အိုပြင်စက်အိမ်တိုင်းရှိကြောင်းသိရပြီး အိုးပြင်လှဲ့အား လူတိုင်းလှည့်နိုင် လှည့်တတ်ပြီး အိုးထွင်းသူသည် ကျွမ်းကျင်နေရမည်ဖြစ်သည်။ အိုပြင်စက် အိမ်တိုင်းရှိသော်လည်း အိုးထွင်းသူ အိမ်တိုင်းမရှိဘဲ အိုးလုပ်ရန်အတွက် အိုးထွင်းသူပြန်လည်ငှား လုပ်ကိုင်ကြကြောင်း အိုးထွင်းပညာရှင် အိုးလုပ်ငန်းလုပ်ကိုင် ကျွမ်းကျင်သူ ဒေါ်စန်းယုံကပြောပြသည်။အိုးထွင်းသူများသည် အခြားအိမ်များအိုးထွင်းရန်ရှိပါက အငှားလိုက်လေ့ရှိကြောင်း သိရပြီး အိုးပြင်စက်တစ်ခုဖြင့် အိုးအမျိုးမျိုးဖန်တီးပြုလုပ်ကြကြောင်းသိရပြီးလုပ်ပြီးသားအိုးများအား အိမ်ရှေ့မြေကွက်လပ်များ တွင်တလုံးချင်းစီပြီးနေပြထားလေ့ရှိသည်။

တောင်ကုန်းကျေးရွာမှထွက်ရှိသော ရိုးရာအိုးများ

တောင်ကုန်းကျေးရွာမှထွက်ရှိသည့် အိုးများသည် အရည်အသွေးအလွန်ကောင်းမွန်သော အိုးများသာထုတ်လုပ်လျက်ရှိပြီး သောက်ရေအိုးကြီး၊သောက်ရေအိုးလတ်၊ ထန်းဆွဲမြူအိုး၊ညောင်ရေအိုး(ဘုရားတင်ပန်းအိုး)၊ဟင်းချက်အိုး၊ပန်းအိုး၊မြေအိုးစုဘူး၊ အရက်ပေါင်းအိုး၊မြေရေဆေးအိုး( မြေဇလုံ )၊မုန့်ပြားသလက်ထိုးအိုး၊ အိုးပုတ်ချိုးရုပ်အိုး အမျိုးမျိုးထုတ်လုပ်ပြီး ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ပြာသိုသောက်ရေအိုးသည် နာမည်ကြီးပြီး ဈေးနှုန်းအလွန်ကြီးကြောင်း   ပြာသိုအိုး တစ်လုံးလျှင်(၅၀၀၀)ကျပ်အထိရောင်းချရကြောင်းသိရပြီး  ထန်းဆွဲမြူအိုးများ အများအပြားထုတ်လုပ်ကာ လုပ်သလောက် ရောင်းချရကြောင်းနှင့်ထန်းတက်ရာသီ မစချိန်မှစတင်ထုတ်လုပ်ထားပြီး  ထန်းတက်လုပ်ငန်းသိမ်းချိန်အထိ ထန်းဆွဲမြူအိုး ထုတ်လုပ်ရောင်းချရကြောင်းသိရသည်။

ပြည်ပခရီးသွားဧည့်သည်လာရောက်လေ့လာမှု

တောင်ကုန်းကျေးရွာလေးသို့ ပြည်ပခရီးသွားလာရောက်လေ့လာမှု ခပ်စိပ်စိပ်လာရောက်ကြကြောင်းသိရပြီးအိုးလုပ်ရန် ကုန်းကြမ်း ကန်မြေမှအစ အိုးဖို(ဖုတ်)ကုန်း ရောက်သည်အထိ လေ့လာမှတ်သားကြကြောင်း အိုးတစ်လုံးဈေးနှုန်း အိုးလုပ်ရာတွင် တစ်အိ်မ်သားလုံးလုပ်ကြပုံ အိုးဖိုးရရှိသည်အထိ လေ့လာကြကြောင်း မြန်မာလူမျိုးများ ရောင့်ရဲတင်းတိမ်ပုံများကို အထူး စိတ်ဝင်စားကြပြီး  အနောက်ဥရောပမှ အင်္ဂလန်၊ပြင်သစ်၊ဂျာမဏီနိုင်ငံတို့မှအများဆုံးလာရောက်ကြပြီး စက်ဘီးစီး၍အဖွဲ့ လိုက်လာခြင်း၊ကားငှား၍   သုံးလေးဦးလာခြင်းများရှိကြကြောင်း   ဦးနေလင်းမှပြောပြီး တချိန်က အိုးဟိုတယ်တစ်လုံးဆောက် လုပ်ခဲ့ဘူးကြောင်း ပြည်ပခရီးသွားဧည့်သည်များ အလာအရောက်များလာပြီးမှ ဟိုတယ်ပိုင်ရှင် ပျောက်သွားပြီး ပြန်မလာတော့ ကြောင်း သိရသည်။ အရင်တည်းက ခရီးသွားလာရောက်လေ့လာမှုများပြားခဲ့သော တောင်ကုန်းကျေးရွာလေး ခရီးသွား ဖွံ့ဖြိုးဖို့သက်ဆိုင်ရာမှပြန်လည်လုပ်ဆောင်သင့်ကြောင်း   ငါ့သရောက်မြို့မိမြို့ဖ ဦးမြင့်ဆွေမှပြောပြ၍သိရကာ ခရီးသွား တထောက် လေ့လာမှု ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးဖို့ တောင်ကုန်းကျေးရွာ  ဘိုးစဉ်ဘောင်ဆက်  ရိုးရာအိုးလုပ်ငန်းဖြင့် ပြည်ပခရီးသွားများ ပို၍ဆွဲဆောင်နိုင်အောင် ဝိုင်းဝန်းကူညီကြပါစို့ရေးသားလိုက်ရပေသည်။

ကိုထိန်၊ KPD