နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

နောင်ချို အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာကြည့်တိုက်စီမံခန့်ခွဲရေးလက်စွဲ စာစောင် စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဝန်ထမ်းများ စာအုပ်စာစောင်များကို တန်ဖိုးထားတတ်စေရန်နှင့် စာကြည့်တိုက်လုပ်ငန်းအား စိတ်ဝင်စားမှုရှိပြီး လုပ်ကိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက စာကြည့်တိုက်၏ အဓိပ္ပာယ်၊ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက် အမျိုးအစားများနှင့် ထူးခြားသည့် ဝိသေသများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အငယ်တန်းစာရေး (အင်အားပြ) ဒေါ်လင်းမီမီကျော်က  စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်၏ နိဒါန်းအကြောင်းအရာများကို ဝန်ထမ်းများ လေ့လာမှတ်သားနိုင်စေရန်အတွက်  ဖတ်ကြားပေးခဲ့ကြောင်း  သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို “ဝန်ထမ်းကျင့်ဝတ်” စာအုပ်၊ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်၊ “ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲ” စာအုပ်၊ စာကြည့်တိုက် စီမံခန့်ခွဲရေးလက်စွဲ စာစောင် စသည့်စာအုပ်များဖြင့် လစဉ် နှစ်ပတ်လျှင်တစ်ကြိမ်  ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)