တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ဥက္ကလာပ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေး ကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ အချိန်က တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းက မိမိအနေဖြင့် အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျောင်းအုပ်များကို မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ အခြေခံပညာ‌ကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှု အရည်အသွေးများ တိုးတက်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ကျောင်းတစ်ကျောင်းတွင် ခေါင်းဆောင်မှုတာဝန်ကို ယူထားရသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန်ခွဲမှုသည် အလွန်အရေးပါကြောင်း၊ ယုံကြည်ချက်ခိုင်မာမှု၊ ခံယူချက်မှန်ကန်မှုနှင့် ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်၍ အလုပ်တာဝန်နှင့် စည်းကမ်းများကို တန်ဖိုးထား လေးစားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကောင်းများဖြစ်အောင် ကြိုစားဆောင်ရွက်ကြရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေးကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး (၅၃) ဦး တက်ရောက်ခဲ့ကာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍ၊ စီမံကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍ ဘာသာရပ်များကို ၂၄.၁၀.၂၀၂၂ ရက်နှင့် ၂၅.၁၀.၂၀၂၂ ရက်၊ (၂) ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သတင်းရသည်။

မြို့နယ်( ပြန်/ဆက်)