ဝမ်းတွင်းမြို့နယ် ထီးလှိုင်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

ဝမ်းတွင်း အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ထီးလှိုင်ကျေးရွာအုပ်စု၊ ထီးလှိုင်အနောက်ကျေးရွာ ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်မှဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးအတွက် စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဒေသအတွင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ရပ်ရွာအေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဆိုင်ရာများကို ရှင်းလင်းဆွေး နွေးခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်မှ တပ်မတော်မှနိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက်လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုအခြေအနေများ၊  နယ်မြေအတွင်းဆောင်ရွက်လျက်ရှိသောတည်ငြိမ်းအေးချမ်းရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ဌေးမှ ခိုးဆိုးလုနှိုက်နှင့် ဒုစရိုက်မှုများဖြစ်ပွားမှုမရှိစေရေး၊ ထူးခြားမှုဖြစ်စဉ်များရှိပါက ပြည်သူများအနေဖြင့်သတင်းပေးကြရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကိုဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍများအလိုက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးရေကန်၊ လျှပ်စစ်မီးဆိုင်ရာ လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး တမာကုန်းကျေးလက် ကျန်းမာရေးဌာန၊ ကျန်းမာရေးဆရာမ ဒေါ်တင်တင်အောင်မှ ကိုဗစ်-၁၉ရောဂါမျိုးကွဲအကြောင်း သိကောင်းစရာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာလူပ်ငန်းများကိုရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး (၆)လအထက်ရှိသူ ဒေသခံ ပြည်သူ(၄၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူစုစုပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)