ဝမ်းတွင်း အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောမှ လူငယ်လူရွယ်များအတွက် အသိပညာ၊ ဗဟုသုတများတိုးပွားစေရန်၊ လူငယ်များအား စာကြည့်တိုက်နှင့်ရင်းနီးကျွမ်းဝင်မှုရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်များအတွက် ပညာရေးဟာ အဓိကကျသော ရည်မှန်းချက်ဖြစ်ကြောင်း၊ လောကနီတိမှာ လူတစ်ယောက်ရဲ့ဘဝကို (၃)ပိုင်းခွဲခြားထားပြီး ပထမအရွယ်ပညာရှာ၊ ဒုတိယအရွယ်ဥစ္စာရှာ၊ တတိယအရွယ်မှာတရားဘာဝနာရှာဆိုပြီး ညွှန်းဆိုဖွဲ့ခဲ့ကြပါတယ်၊ ဒါကြောင့်မို့ ကလေးဘဝ(၅)နှစ်အရွယ်တည်းက ကျောင်းစတင်အပ်ကာ ပညာကိုသင်ကြားစေပြီး အသက်(၂၀)၊ (၂၅)နှစ်နှစ်ကြားအထိ ပညာသင်ချိန်အဖြစ် သတ်မှတ်ကြပါတယ်၊ ပညာဆိုရာမှာ စာပေတင်မက အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်းပညာ၊ အတွက်အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေပညာ၊ ဆေးပညာ၊ အရောင်းအဝယ်ကုန်သွယ်ခြင်းပညာ စသည့် ပညာရပ်အမျိုးမျိုးတတ်မြောက်ရန် သင်ကြားလေ့လာကြရမည်ဖြစ်သည်။ လူငယ်များဘဝ ပညာသင်အရွယ်မှစပြီး မိမိတို့ဝါသနာပါ ရာအတတ်ပညာများကို ရည်မှန်းချက်ထားပြီး လေ့လာသင်ယူဆောင်ရွက်နိုင်မှသာ အောင်မြင်သောလူငယ်များဘဝ ရရှိလာမှာဖြစ်ပါတယ်၊ လူငယ်လူရွယ်များအနေဖြင့် ငယ်စဉ်အတည်းက ကောင်းမွန်သောဘဝရည်မှန်းချက်များထားရှိကာ မိမိတို့ဝါသနာပါတဲ့ အတတ်ပညာများကို လေ့လာသင်ယူမှတ်သားကာ ဘဝရဲ့အောင်မြင်မှုများရရှိအောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက် တန်းကျောင်းခွဲဝမ်းတွင်း(၁)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)