စဉ့်ကူး အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင်ကျေးရွာ(၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁ဝ) နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင် ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့က ခမ်းပါးကျေးရွာ၊ စားကျက်ကလေးကျေးရွာ၊ ရေပြာအိုင်ကျေးရွာ၊ ကျောက်ငနွားကျေးရွာ၊ စုစုပေါင်းကျေးရွာ(၄)ရွာတို့မှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၂၆)ဦးတို့အား ချေးငွေကျပ်(၁၀၉.၆၅)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၃၉)ဦးတို့အား ချေးငွေကျပ်(၅၆.၅)သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၁၁)ဦးတို့အား ချေးငွေကျပ်(၃.၃)သန်း၊ အသက်မွေးလုပ်ငန်းလုပ်ကိုင်သူ(၂၄)ဦးတို့အား ချေးငွေ(၅.၈၅)သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ(၈)ဦးတို့အား ချေးငွေ(၃.၁၅)သန်း၊ စုစုပေါင်းကျေးရွာ (၄)ရွာမှ မြစိမ်းရောင်စီမံကိန်း အသင်းသူ/အသင်းသား စုစုပေါင်း (၆၀၈)ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ် (၁၇၈.၄၅)သန်းအား မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များမှတစ်ဆင့် အသင်းသူ/အသင်းသားများထံသို့ နေ့ချင်းပြီးထုတ်ချေးပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်