စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

စမ်းချောင်း   အောက်တိုဘာ   ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျွန်းတော(မြောက်)ရပ်ကွက်၊  လူစည်ကားနေရာများတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ပြီးသွားလာကြရန်၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်မှီအောင် ထိုးနှံကြရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့် လူစုလူဝေးရှောင်ရှားကြရန်တို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိပြီး ဈေးရောင်း၊ ဈေး၀ယ်၊ လမ်းသွားလမ်းလာပြည်သူများကို Mask များ အခမဲ့ဖြန်ဝေပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းတို့ပူးပေါင်း၍   ပါးစပ်၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း