မိုင်းဖြတ် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ရုံးဝန်ထမ်းများက အရေပြားအကျိတ်နာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက တောညုကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါက်တာထွန်းဇော်ဝင်းက တိရစ္ဆာန်အစာပင်စိုက်ပျိုးရေးနှင့် ခြံလှောင်စနစ်ဖြင့်မွေးမြူရေးဆိုင်ရာ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သတိပြုစရာ ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ(Lumpy Skin Disease)အကြောင်းများနှင့်စပ်လျဉ်း၍ ကျွဲနွားများတွင် ဖြစ်ပွားတတ်သေရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံခြင်း၊ ရောဂါဖြစ်ပွားမှု နောက်ခံသမိုင်းအကြောင်း၊ ရောဂါပိုးတွေ့ရှိနိုင်သောအရင်းအမြစ်များ၊ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျေးရွာအုပ်စုမှတာဝန်ရှိသူထံ ခြံသုံးပိုးသတ်ဆေးများကို အခမဲ့ပေးလှူခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ပြည်သူများကသိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းကြရာ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)