အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်

ရန်ကုန်          အောက်တိုဘာ           ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန်ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်း၊ ညောင်ကန်အေးသာသနာ့ရိပ်သာဘုန်းတော်ကြီးကျောင်း အနီးရှိရိုးကြီးချောင်းတွင် ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာ၊ ပန်းဥယျာဉ်ဌာနများမှ တာဝန်ရှိသူများက ရေမြောင်းအတွင်း အမှိုက်များရှင်းခြင်း၊ လမ်းဘေးဝဲ/ယာမှ ချုံနွယ်များနှင့် မြေပိုများကိုရှင်းခြင်း၊ အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ သန့်ရှင်းသာယာလှပရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်းစသည့် ချောင်းများနှင့်မြောင်းများကို ရေစီးရေလာကောင်းမွန်အောင် ရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)