တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ဥက္ကလာပ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁:၀၀)အချိန်က တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်ခင်အေးဝင်းက မိမိအနေဖြင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိကျောင်းအုပ်များကို မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကျင်းပပေးခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှုအရည်အသွေးများ တိုးတက်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ကျောင်းတစ်ကျောင်းတွင် ခေါင်းဆောင်မှုတာဝန်ကို ယူထားရသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန်ခွဲမှုသည် အလွန်အရေးပါကြောင်း၊ ယုံကြည်ချက်ခိုင်မာမှု၊ ခံယူချက်မှန်ကန်မှုနှင့် ကြိုးစားအားထုတ်မှုတို့ပေါင်းစပ်၍ အလုပ်တာဝန်နှင့် စည်းကမ်းများကို တန်ဖိုးထားလေးစားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကောင်းများဖြစ်အောင် ကြိုစားဆောင်ရွက်ကြရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၅၃)ဦး တက်ရောက်ခဲ့ကာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍ၊ စီမံကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍ ဘာသာရပ်များကို ၂၄.၁၀.၂၀၂၂ ရက်နှင့် ၂၅.၁၀.၂၀၂၂ရက် (၂)ရက်ကြာဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်( ပြန်/ဆက်)