တာမွေ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်ချောထုတ်လုပ်နိုင်မှု စွမ်းအားများ ယခင်ကထက် ပိုမိုမြင့်မားတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြည်တွင်းမှ ထွက်ရှိသော ကုန်ကြမ်းများ အသုံးပြု၍ လူသိများသော အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား လိုက်လံကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုရာတွင် တာမွေမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၌ ပြည်တွင်းမှ ထွက်ရှိသော ကုန်ကြမ်းများဖြင့် အစားအသောက်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများအား ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်နေပုံ အဆင့်ဆင့်၊ စျေးကွက်သို့ သယ်ယူပို့ဆောင် ဖြန့်ဖြူးရောင်းချမှု အဆင့်ဆင့်နှင့် အခြားဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် ပတ်သက်၍မေးမြန်းခဲ့ရာ သက်ဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများမှ တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ပြည်တွင်းမှ ထွက်ရှိသော ကုန်ကြမ်းများ အသုံးပြု၍ လူသိများသော အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(၂၅)ခုရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အရေးအပါဆုံး အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် နိုင်ငံတော်အစိုးရမှလည်း အဆိုပါအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးများအား အဘက်ဘက်မှ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်း၌ လိုအပ်သည့် ကုန်ပစ္စည်းများကို မိမိတို့ဒေသအတွင်း အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ခြင်းဖြင့် ကုန်ပစ္စည်းများ ရှားပါးမှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ပြည်ပ အစားထိုးသွင်းကုန်များကို မိမိတို့ဒေသအတွင်း အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရာမှ ပြည်ပသို့ တင်ပို့ခြင်းများ ဆောင်ရွက်နိုင်မည်ဆိုလျှင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ အဆမတန် တိုးတက်ကောင်းမွန်လာနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)