ရန်ကုန် အောက်တိုဘာ ၂၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ စုရပ် ၄ ခုတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် အသက်(၁၂)နှစ်အထက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူ(၉)ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူ(၅၇၆)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၈၅)ဦးအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အ.ထ.က(၁)၊ အ.လ.က(၁)၊ အ.လ.က(၂)နှင့် အ.လ.က(၃)တို့တွင် စုရပ်များအဖြစ် သတ်မှတ်ထိုးနှံပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှလည်း ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ချစ်စုဝေ(ပြန်/ဆက်)