ဒဂုံ အောက်တိုဘာလ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို ကျောင်းသား၊ လူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟု သုတတိုးပွားစေရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ လစဉ်ရုံးတွင်းနှင့်ကျောင်းများ၊ ဌာနဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေသန္တာက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ရာ စာရေးဆရာပီတိ(ပေကြီး)၏ ပြည်သူ့နီတိစာအုပ်မှကျောင်းသားကျောင်းသူများ မှတ်သားလေ့လာသင့်သောပြည်သူ့နီတိများအား ပြန်/ဆက်ဦးစီးအရာရှိနှင့် အ.ထ.က(၃)ဒဂုံမှ ကျောင်းအုပ်ဆရာမကြီးတို့က အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကလည်း ပြည်သူ့နီတိစာအုပ်မှသိမှတ်ဖွယ်ရာများအား ပြန်လည်ဖတ်ပြဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ(၅၃)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်