နမ္မတူ အောက်တိုဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး အနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရေး ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အားလပ်ချိန်တွင် အသိပညာဗဟုသုတ ရှားမှီးနိုင်ရန်အတွက် ယခင်ငှားရမ်းထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး သုတရသစာအုပ် (၅၀) အုပ်အား အသစ်လဲလှယ်၍ အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊ စာပေဖတ်ရှုမှု ပိုမိုတိုးတက်မြင့်မားလာစေရန်၊ အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလိုဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော်(ပြန်/ဆက်)