ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်လှစ်

ပူတာအို အောက်တိုဘာ ၂

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပူတာအို)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ပူတာအိုမြို့ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ချရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် မှီတင်း နေထိုင်ကြသည့် အမျိုးသမီးငယ် လေးများအနေဖြင့် အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အစား မိမိတို့တတ်မြောက်ထားသည့် အိမ်တွင်းမှုပညာရပ်များဖြင့် ကိုယ့်နိုင်ငံ ကိုယ့်ဒေသတွင် အသက်မွေးဝမ်းကြောင်း ပညာရပ်များ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရန် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဤသင်တန်း ကျောင်းများကို မွန်မြတ်သည့် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်တန်းသူများ အနေဖြင့် သင်တန်စည်းကမ်း ကျောင်းစည်းကမ်းများကို လေးစားလိုက်နာကာ သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ် များကို အထူးကြိုးစားလေ့လာသင်ယူကြရန် မှာကြားလိုကြောင်း အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက ယခင်သင်တန်းအမှတ်စဉ်(၃) သင်တန်းသူများ၏ လက်ရာများနှင့် ယခုသင်တန်း အမှတ်စဉ်(၄) သင်တန်းသူ များအား ထောက်ပံ့ပေးမည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီက လိုက်လံရှင်းလင်းပြသသည်။

သင်တန်းကျောင်းတွင် စက်ချုပ်ဘာသာရပ်၊ လက်မှုဘာသာရပ်၊ အချက်အပြုတ် ဘာသာရပ်များသာမက တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ်များ ထက်သန်လာစေရန် ပြည်ထောင်စုစိတ်ဓာတ်သင်ခန်းစာများကို လည်း ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပို့ချပေးလျက်ရှိသည့်အပြင် လူကုန်ကူးမှုမခံရစေရေး အသိ ပညာပေးဆွေးနွေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းများကိုလည်း ထည့်သွင်းဆွေးနွေး ပို့ချပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်တွင်းမှုသင်တန်းကျောင်းသည် သင်တန်းအမှတ်စဉ်(၁)မှ (၄၂)နှင့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ် (၃)အထိ သင်တန်းဆင်း အောင်မြင်သူပေါင်း (၉၉၇)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုသင်တန်း အမှတ် စဉ်(၄)တွင် သင်တန်းသူ စုစုပေါင်း(၃၅)ဦးတို့ကို သင်တန်းကာရက်သတ္တပတ်(၂၂)ပတ် ငါးလကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)