နောင်တရား အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆီမုန်ညှင်းကို ကြားကာလသီးနှံအဖြစ် စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ဆီမုန်ညှင်းကို မိုးကြိုအာလူးပြန်လည်တူးဖော်ပြီး ဆီမုန်ညှင်းကျဲကြပါတယ် မိုးကြိုအာလူးတူးပြီးရင် နောက်ထက်အခြားသီးနှံစိုက်ဖို့ အချိန်မမှီတော့ဘူး အခြားသီးနှံကသက်တမ်းကြာတယ် မိုးလည်းကုန်ခါနီးဆိုတော့ အခြားသီးနှံစိုက်တာအလုပ်မဖြစ်ဘူး ဆီးမုန်ညှင်းကြတော့ သက်တမ်းတိုတယ်ပြီးတော့ အာလူးစိုက်တဲ့အချိန် မြေဩဇာ၊ မြေဆွေးတွေကို အများကြီးထည့်ရတယ် မိုးကြိုအာလူးတူးပြီး ဆီမုန်ညှင်းစိုက်ရင် မြေဩဇာသီးသန့်ထည့်စရာမလိုတော့ဘူး ဆီမုန်ညှင်းကျဲထားခြင်းဖြင့် နှစ်သီးစားဝင်ငွေရတဲ့အပြင် ဆီမုန်ညှင်းကျိတ်ပြီး စားသုံးနိုင်တဲ့အတွက် အိမ်အသုံးစရိတ်ကိုလည်းလျော့သွားတာပေါ့” ဟု ဘုရားဖြူကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။ ဆီမုန်ညှင်းကို နောင်တရားဒေသအတွင်း ဧက ၂၀၀ ကျော်ခန့်သာ စိုက်ပျိုးကြမည်ဟု အဆိုပါတောင်သူခန့်မှန်းပြောဆိုသည်။
ပင်လောင်းမြို့နယ်အတွင်းတွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းလုံး၊ နေကြာ၊ ဆီမုန်ညှင်းနှင့် ပန်းနှမ်းတို့ကို စိုက်ပျိုးကြသည်။ မြေပဲနှင့်နှမ်းလုံးကိုသာ စီးပွားဖြစ်စိုက်ပြီး အခြားဆီထွက်သီးနှံများကို အိမ်သုံးအဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)