မိုးညှင်း အောက်တိုဘာ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဦးကျော်မိုးလွင်က စားသုံးသူတို့၏ အဓိပ္ပာယ်၊ စာသုံးသူကာကွယ်ရေး၏ ဥပဒေပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်များ၊ စားသုံးသူများကိုဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှု နှင့် ကာကွယ်ပေးထားသည့် နည်းလမ်းများ၊ စားသုံးသူများအနေဖြင့် နစ်နာမှုများ တွေ့ရှိခဲ့ပါက တိုင်ကြားနိုင် မည့် နည်းလမ်းများစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အသိပညာပေးလုပ်ငန်းနှင့် ပတ်သက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း