ပင်လောင်း အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပွဲ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် စိုင်းအောင်ခမ်းလင်း၊ မူခမ်းကျော်တို့က လူငယ်နှင့်ရည်မှန်းချက်၊ မောင်ထက်ဝေယံ၊ မူငဲဖြူတို့က လူငယ်နှင့်စာရိတ္တ၊ ခွန်သက်ကလယ်၊ မသီသီအောင်တို့က မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ် ဦးဆလိုင်းမြင့်နိုင်၊ ဒုတိယကျောင်းအုပ် ဦးနိုင်ဦး၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပြီး၊ အဆိုပါ ဆွေးနွေးပွဲကို ကျောင်းပိတ်ရက်များတွင် အခါအားလျော်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်အာကာစိုး