မောက်မယ် အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ ကျောင်းသားလူငယ်များနှင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန် စာရေးဆရာ ဒေါက်တာမြင့်သန်း(ညောင်လေးပင်)၏ “မင်္ဂလာပါခင်ဗျာနှင့်အတွေးရသစာစုများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်၁၀နာရီက စာပေချစ်သူများ အသင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက စာပေမှ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင် အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ ဆောင်ရွက်ရခြင်းကို ပြောကြားပြီး စိုင်းစံဘက “မိမိကိုယ်ကိုယ်ကောင်းအောင် ကြိုးစားမည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နန်းဆိုင်ဟွမ်က “ကိုယ်ပိုင်အသိ၊ ခံစားချက်၊ ဆုံးဖြတ်ချက်နဲ့ ဘဝကိုတည်ဆောက်စို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စိုင်းအွမ်ဆိုင်ဟိန်းက “လက်တွေ့အသုံးချ” ခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)