လှည်းကူး အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ်၊ ဒါးပိန်မြောက်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာသီးနှံကို လျာထားချက်ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံစိုက်ပျိုးရေး နည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည့် နေကြာသီးနှံစိုက်ပျိုးရေး အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)