မိုင်းယောင်း အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ကလေးသူငယ်များအရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ယခုအစည်းအဝေးတွင် ဆွေးနွေးပေးကြပါရန် အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းတို့က ကျောင်းသား ကျောင်းသူများ၊ မသန်စွမ်း ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီး အခြေအနေကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုလှိုင်က ကလေးသူငယ်များအပေါ် သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေဝေလွင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ၊ နံရံကပ်နှင့် ဓာတ်ပုံပြပွဲဆောင်ရွက်နေမှုများကိုလည်းကောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူတို့က ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာများနှင့် ပတ်သတ်၍ ဆက်လက်ဆွေးနွေးခဲ့သည်။
ယင်းနောက် မြို့နယ်ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ကော်မတီဝင်များအနေနှင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်တိုင်း လက်လှမ်းမီ တန်းတူညီတူ ရရှိနိုင်ရန် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။
စိုင်းအောင်ဇော်လင်း