မိုင်းခုတ်မြို့၌ သီးမွှေးငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် ဒေသခံတောင်သူများ အမြတ်ငွေပိုမိုရရှိ

မိုင်းခုတ် အောက်တိုဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ သီးမွှေးငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အခြားသီးနှံများထက် အမြတ်ငွေပိုမိုရရှိကြောင်း သီးမွှေးငှက်ပျော စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

သီးမွှေးငှက်ပျောပင်ကို မိမိမြေအကျယ်အဝန်းပေါ်မူတည်ကာ ပင်ခြားတန်းခြား ၁၀ ပေထား၍ စိုက်ပျိုးနိုင်ကြောင်း၊ စိုစွတ်သောမြေအနေအထားကို ကြိုက်သော်လည်း ရေဝပ်မြေကို မနှစ်သက်ကြောင်း၊ စိုက်ပျိုးစရိတ်အလွန်သက်သာကြောင်း၊ စိုက်ပျိုးပြီး ရှစ်လအကြာတွင် ပင်မကြီးမှ အသီးများစတင်ရရှိပြီး ခူးယူရောင်းချနိုင်ကာ ပင်ပွားအတက်မှ နောက်ထပ် လေးလအကြာတွင် အသီးများဆက်သီးလာကြောင်း၊ မြေဩဇာအဖြစ် နွားချေးနှင့် မြေစွေးကိုသာအသုံးပြုရ၍ ကုန်ကျစရိတ်အလွန်သက်သာသောကြောင့် မိမိတို့ခြံဝင်း မြေကွတ်လပ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း တစ်ပိုင်တစ်နိုင် သီးမွှေးငှက်ပျောစိုက်ပျိုးရောင်းချနေသူ ဦးဟန်ဝင်းစိုးကပြောသည်။

ငှက်ပျောသီး ထွက်ရှိမှုအနေဖြင့် ငှက်ပျောတစ်ခိုင်လျှင် ၁၂ ဖီးခန့်ရရှိပြီး တစ်ဖီးလျှင် အလုံး ၂၂ လုံးခန့်ပါရှိကြောင်း၊ လက်ရှိတွင် တစ်ဖီးလျှင် ငွေကျပ် ၁၅၀၀ ဈေးနှုန်းဖြင့်ရောင်းချရကြောင်း၊ စားသုံးသူများ ကြိုက်နှစ်သက်သည့်အတွက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)