စမ်းချောင်း အောက်တိုဘာ ၂၃
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဥ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာနေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက်၊ သံတံတားလမ်းတွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါစားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်(၁)ပြည် လျှင် (၁၆၀၀)ကျပ်၊ ဆီ(၁)ပိသာလျှင် (၄၇၀၀) ကျပ်၊ ကြက်ဥ (၁၀)လုံးလျှင် (၁၇၅၀)ကျပ်ဖြင့် အထူး ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝယ်ယူသူအိမ်ထောင်စုများကလည်းဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့ ရောင်းချရာသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ် ယူနိုင်ရေးတို့အတွက် စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေး စစ်ကြောင်းမှ ဦးဆောင်၍ ကြီးကြပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေး စစ်ကြောင်း တွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaingn လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း