ညောင်ဦး အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာယွန်းထည်ပစ္စည်းထုတ်လုပ်မှု အရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်သား၊ ယွန်းအလုပ်သမားများအဆင်ပြေစေရန် ယွန်းလုပ်ငန်းလည်ပတ်လုပ်ကိုင်လျှက်ရှိကြောင်း ပုဂံမြို့ယွန်း လုပ်ငန်းရှင် ဦးကျော်မြင့်ဌေးထံက သိရသည်။
ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာဖြစ်ပြီး အင်မတန်အနုစိတ်လုပ်ကိုင်ရသောလုပ်ငန်းဖြစ်ပြီး ယွန်းပစ္စည်းအမျိုးပေါင်းတစ်ရာကျော်ပြုလုပ်ကြောင်း၊ ယွန်းလုပ်ငန်းရှင်များ အများဆုံးပြုလုပ်သည့် ယွန်းလက်ဖက်အစ်၊ ယွန်းဆွမ်းအုပ်များကို အများဆုံးပြုလုပ်ကြကြောင်းသိရပြီး ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ မြန်မာလူများ ယွန်ထည်အမျိုးမျိုးသာအသုံးပြုခဲ့ကြကြောင်း၊ ပလို့ခေါ်ငါးဆင့်ပလို့ဆွမ်းအုပ်များဖြင့် ယနေ့တိုင် ရွှေစည်းခုံဘုရားပွဲ၊ အာနန္ဒာဘုရားပွဲ၊ ငှက်ပစ်တောင်ဘုရားပွဲ၊တုရင် တောင်ဘုရားပွဲ၊ ကန်တော့ ပလ္လင်ဘုရားပွဲများနှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ရှင်ပင်စာကြိုလှ ဘုရားပွဲများတွင် ယွန်းပလို့(ငါးဆင့်)ပါသောဆွမ်းအုပ်ကြီးများ ဖြင့်ဆွမ်းတော်များလောင်းလှူလျက်ရှိသေးကြောင်း သိရသည်။
ယွန်းလုပ်ငန်းသုံးပစ္စည်းများတွင် မပါမဖြစ် မြန်မာနိုင်ငံအနှံ့အပြားမှထွက်ရှိသည့် မဲတင်းခါးဝါး၊ တင်းဝါး၊ နန်းထောင်ဝါး၊ မဲဇာဝါးများကိုသုံး၍ ယွန်းထည်အမျိုးမျိုးပြုလုပ်ကြသော်လည်း မဲတင်းခါးဝါးတစ်မျိုးထဲကိုသာ ယွန်းထည်ပြုလုပ်ရာတွင် စွဲစွဲမြဲမြဲအသုံးပြုကြကြောင်း သိရသည်။ ယွန်းထည်ပြုလုပ်ရခြင်းအဆင့်ဆင့်တွင် အချောခံခြင်း၊ စဉ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုးခြင်း၊ နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာခြင်း၊ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက်ခြစ်ခြင်း၊ နှီးသတ်ခြင်း၊ ရက်ထည်တို့ကို အဆင့်ဆင့်ပြုလုပ်ရကြောင်း၊ ယွန်းထည်ပစ္စည်းများသုတ်ရန် သစ်စေးဆယ်ပိဿပုံးတစ်ပုံး သုံးသိန်းကျပ်ပေးဝယ်ရကြောင်း သိရသည်။
ယွန်းထည်လုပ်ငန်းလုပ်ကိုင်ကြသည့် ယွန်းလုပ်သားတစ်ဦး တစ်ရက်လျှင် တစ်သောင်းကျပ်နှင့် ယွန်းကျွမ်းကျင်လုပ်သားတစ်ဦးလျှင် နှစ်သောင်းကျပ်ရရှိကြကြောင်း၊ ယွန်းထည်များပြုလုပ်ပြီးသော်လည်း တစ်နှစ်ကျော်ကြာမှရောင်းချရကြောင်း ယွန်ထည်များပြုလုပ်ပြီး မြေအောက်ခန်း အတွင်း အလုံပိတ်ထားကာ ယွန်းထည်များမြေထပ်ပေးထားကာ နောက်ဆုံးအဆင့်ရောင်းချရသည့်အချိန် တစ်နှစ်ကျော်မှရောင်းချရကြောင်း ယွန်းလုပ်ငန်းရှင်များက ပြောပြသည်။ ယွန်းထည်ရောင်းချရမှုနည်းပါးသော်လည်း ယွန်းလုပ်သားများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ယွန်းလုပ်ငန်းရှင်အချို့က ယွန်းလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ