မိုးညှင်း အောက်တိုဘာ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက နန့်လှိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါထုတ်ချေးပေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ချေးငွေရယူပြီး ဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးမည့် တောင်သူများအား လိုက်နာရမည့်စည်းကမ်းချက်များနှင့် အတိုးအရင်းပေးဆပ်ရမည့် ကာလများအကြောင်းကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ စီမံကိန်းရန်ပုံငွေများအား တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကို ညောင်ကုန်းကျေးရွာ၊ နန့်လှိုင်ကျေးရွာနှင့် ထန်းတပင်ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နန့်လှိုင်ကျေးရွာသည် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းတွင် (Type-3)အမျိုးအစားဖြစ်ပြီး စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ရရှိသဖြင့် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမည့် တောင်သူ(၅၀)ဦးမှ နေကြာဧက ၁၆၂ ဒဿမ ၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း