မိုင်းရှူးမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းရှူး အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဖြူက ကြက်ခြေနီအသင်း၏ မျှော်မှန်းချက်နှင့် အခြေခံမူ(၇)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကြက်ခြေနီဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကားပြောကြားပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်းက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေး စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဖြစ်တတ်လေ့ရှိသောရောဂါများကို ရှေးဦးသူနာပြုစုနည်း၊ ကုသနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး အိမ်တစ်အိမ်တွင် လူတစ်ဦးသည် အခြေခံရှေးဦးသူနာပြုစုနည်း တတ်မြောက်ထားလျှင် သဘာဘေးအန္တရာယ်နှင့်ကြုံတွေ့ပါက များစွာအထောက်ကူရမည်ဖြစ် ကြောင်း ရှင်လင်းပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သင်တန်းနည်းပြ၊ ဆရာ၊ ဆရာမများက (၃)ရက်ကြာပို့ချမည်ဖြစ်ပြီး သင်တန်းသို့ အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၄)ရပ်ကွက် အလကကျောင်း၊ အမကမူလွန်(ပန်စွဲ)နှင့် အမှတ်(၁)မူလတန်းကျောင်းမှ ထက်၊ လယ်၊ မူဆင့် ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သန်းလူ