တောင်ဥက္ကလာပ အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်(၇)နာရီက အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၂၉)အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းဝန်း အတွင်း ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်း အတွင်း/အပြင် ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှုကင်းဝေစေရေးအတွက် အဘိတ်ဆေးများလိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်း ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်း စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း