မုဒုံမြို့၌ လူမှုဖူလုံရေးအကြောင်းသိကောင်းစရာများနှင့် အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

မုဒုံ အောက်တိုဘာ ၂၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အလုပ်ဌာန(၂၂)ဌာနတို့အား လူမှုဖူလုံရေးအကြောင်းသိကောင်းစရာများနှင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မုဒုံမြို့နယ် လူမှုဖူလုံရေးရုံး၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က အလုပ်သမားရေးရာ ဥပဒေများအကြောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်အောင်က အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၏ ဥပဒေများအကြောင်းနှင့် အလုပ်ရုံနှင့်အလုပ်သမား ဥပဒစစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းအေးက အလုပ်ရုံနှင့် အလုပ်သမားဥပဒေများအကြောင်းတို့ကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မုဒုံမြို့နယ်မှ ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဝင်းမာနှင့် ဒုတိယဦးစီးမှူး ဒေါ်သက်သက်ခိုင်တို့က အလုပ်ဌာနများအား စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မုဒုံသူ