မက်မန်း အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် လားဟူတိုင်းရင်းသားတို့၏ (၂၇)ကြိမ်မြောက်ကောက်သစ်စားပွဲတော်ကို မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာခန်းမတွင်ယမန်နေ့က စည်းကားစွာကျင်းပခဲ့သည်။
အဆိုပါပွဲတော်သည် လားဟူတိုင်းရင်းသားများ ကောက်သစ်ပေါ်သည့် ရာသီတွင်ကောက်သစ်ဆန်များကိုချက်၍ ဧည့်သည်များအားဖိတ်ခေါ်ကျွေးမွေးခြင်း၊ ကောက်သစ်အသီးအနှံများဖြင့် ကျေးဇူးတော်ချီးမွမ်းခြင်းများကို ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ရာ ယခုနှစ်တွင်(၂၇)ကြိမ်မြောက်ပွဲတော်ကျင်းပခြင်းဖြစ်သည်။ ကောက်သစ်စားပွဲတော်သို့ မြို့နယ်အတွင်းနေထိုင်ကြသော လားဟူတိုင်းရင်းသားများသည် ကျေးရွာများများအလိုက် ပွဲတော်ရက်တွင်ရောက်ရှိလာပြီး ရိုးရာအကများကို ကပြဖျော်ဖြေခြင်းများဆောင်ရွက်ခဲ့ကြသည်။ “ကောက်သစ်ပေါ်ချိန်မှာ ဦးဦးဖျားဖျားရရှိသော သီးနှံများ၊ ဆန်စပါးကို ဧည့်သည်များအားဖိတ်ခေါ်၍ ကျွေးမွေးဧည့်ခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းများလုပ်ပေးခြင်းအားဖြင့် လာမည့်နှစ်မှာလည်း အသီးအနှံများပေါများခြင်း၊ ဆန်စပါးများပေါများခြင်းဖြစ်လာစေရန်အတွက် ကျွန်မတို့လားဟူတိုင်းရင်းသားများက ကောက်သစ်ပေါ် တဲ့အချိန်မှာကောက်သစ်စားပွဲတော်ပြုလုပ်ခြင်းဖြစ်ကြောင်း” လားဟူတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌဒေါ်နာဘို ကလည်းပြောကြားခဲ့သည်။
လားဟူတိုင်းရင်းသားတို့၏ ကောက်သစ်စားပွဲတော်သည် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စည်းလုံးခြင်းကိုလည်းဖော်ဆောင်ကြောင်း၊ ပွင့်လင်းရာသီတွင် လားဟူတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်ကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ခရိုင်၊ ပြန်/ဆက်