ဟိုပန်၌(၁၁)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပန်    အောက်တိုဘာ   ၂၂

ဟိုပန်မြို့နယ်၏နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဥက္ကဋ္ဌဦးညီနပ်က စုပေါင်းမဟာဘုံကထိန်ပွဲသည် နှစ်စဉ်ကျင်းပလာခဲ့သည့် ဘာသာရေးပွဲတစ်ခုဖြစ်ကြောင်း၊ ယခင်နှစ်များတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပဒေသာပင်များ လှည့်လည်နိုင်ခြင်းမရှိဘဲ အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုနှစ်တွင် ကထိန်ပွဲတော်၌ ပဒေသာပင်လှည့်လည်ခြင်းကို ထည့်သွင်းဆောင်ရွက်စေလိုပါကြောင်း၊ ဗုဒ္ဓဘာသာတို့၏ရိုးရာပွဲတော်ဖြစ်သည့်အတွက် ပွဲတော်ကျင်းပရေးကော်မတီဝင်များက မေတ္တာထား၍ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လိုအပ်ချက်များရှိပါက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးပါရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲဝင်းထိုက်က  (၁၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပဒေသာပင်ရရှိမှုအခြေအနေတို့ကိုလည်းကောင်း၊ မြို့မိမြို့ဖဦးသိန်းဝင်းက ယခင်ကာလ ကထိန်ပွဲတော်ကျင်းပခြင်းနှင့် ပဒေသာပင်စီတန်းလှည့်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူမ ှုအခြေအနေတို့ကိုလည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီနှင့် ကျန်းမာရေးကော်မတီတို့က ကဏ္ဍအလိုက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ဥက္ကဋ္ဌဦးညီနပ်က  ပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍ မြို့မိမြို့ဖများအား အသိပေးရှင်းလင်းရန်၊ ပဒေသာပင်လှည့်လည်မည့် လမ်းကြောင်းအား စနစ်တကျစီစဉ်ရန်၊ လုပ်ငန်းကော်မတီများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်