ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်မိုးမိုးဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှု ဆွေးနွေးမည့် စာအုပ်အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက် ပြုလုပ်ရာ စာရေးဆရာ ကလောင်အစုံရေးသားထားပြီး မောင်ရင့်မာ (ကျောင်းကုန်း) စုစည်း စီစဉ်သည့်“ ကဗျာဆရာ၊ စာရေးဆရာကြီး မြဝင်း၊ ဒဿန သို့ အောက်မေ့တသ အမှတ်ရချက်များ” စာအုပ်ထဲမှ စာရေးဆရာမ မမိုးမြေရေးသားသည့် “ကွပ်ပျစ်ကလေး ဆောက်ကြပါ” ခေါင်းစဉ်ပါ အကြောင်းအရာကို စာကြည့်တိုက် လက်ထောက်(၃) ဒေါ်မိုးမိုးဦးက လည်းကောင်း၊ စာရေးဆရာ ဦးအောင်မွန်ရေးသားသည့် “မိတ်ကောင်း ဆွေစစ်” ခေါင်းစဉ်ပါအကြောင်းအရာကို Book Club အသင်းဝင် မစံပယ်ဖူးက လည်းကောင်း၊ စာရေးဆရာမ မစန္ဒာ ရေးသားသည့် “ အစ်မကြီးရဲ့ သူငယ်ချင်း” ခေါင်းစဉ်ပါ အကြောင်းအရာကို Book Club အသင်းဝင် မငုဝါခင်ကလည်းကောင်း မိမိတို့ဖတ်ရှုထားသည့် ခေါင်းစဉ်အလိုက် အသီး သီးဖတ်ကြား၍ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝေယံ(IPRD)