ဘီးလင်းမြို့၊ အထက (ကန်သာယာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းပြုလုပ်

ဘီးလင်း     အောက်တိုဘာ   ၂၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အထက (ကန်သာယာ)ကျောင်း ၊ မဟော်သဓာ ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတ စာပေများဖတ်ရှုသည့်အလေ့အကျင့် အားကောင်းလာစေရန်နှင့် ပြင်ပစာပေများ  လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးကာအမှား၊ အမှန်ဝေဖန်ပိုင်းခြားလာနိုင်သည့် ထူးချွန်ထက်မြက်သော  လူငယ်များဖြစ်လာစေရန်အတွက် စာပေစကားဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြား ခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးတင်ထွန်းဦးနှင့် အထက (ကန်သာယာ)ကျောင်းမှ ကျောင်းသားမောင်ထက်ရှင်းကို ၊ ကျောင်းသူမပန်းဆည်းဆာလွင်တို့က ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာပေရေးရာများကို  ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများက သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊  ဖြေကြားခြင်းနှင့် ပါဝင်ဖြည့်စွက်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ အထက(ကန်သာယာ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများစုစုပေါင်းအင်အား (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)