ထိုင်းနိုင်ငံမှနေရပ်ပြန် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား (၈၁)ဦးအား တာချီလိတ်မြို့တွင် ပြန်လည်ကြိုဆိုလက်ခံ

တာချီလိတ် အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၈၁)ဦးတို့အား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ပြန်လည်လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံ၊ တာချီလိတ်မှတာဝန်ရှိသူများက မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)၌ ယမန်နေ့နံနက် (၉)နာရီအချိန်ကကြိုဆိုလက်ခံခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ လ.ဝ.က ဦးစီးအရာရှိ MR. SOMSAK SINGKHAN  ဦးဆောင်သောအဖွဲ့ဝင်များက ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၅၆)ဦးနှင့် နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၅)ဦး၊ စုစုပေါင်း (၈၁)ဦးတို့ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင်၊ ခရိုင်လ.ဝ.ကမှူး ဦးသန့်ဇင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာများ ကြိုဆိုလက်ခံခဲ့ပြီး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီးတပ်ဖွဲ့ဝင်များတို့က ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ RDT (Test kit)ဖြင့် Covid-19 ပိုး ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာရှိ Q Center တွင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသွားရမည်ဖြစ်ပြီး ပိုးမတွေ့သူများအား Q center တွင် (၅)ရက်ခန့်ထားရှိကာ နှာခေါင်း အာခေါင် တို့ဖတ်များ ရယူ၍ PCR စက်ဖြင့် ထပ်မံဆေးစစ်ပြီး၊ ပိုးမတွေ့ပါက တိုင်းဒေသကြီး ပြည်နယ်အသီးသီးသို့ ပြန်နိုင်ရန် အခမဲ့ မော်တော်ယာဉ်များဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ယခုပြန်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား " ရွှေ့ပြောင်းအလုပ်သမားများထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) " မှ တစ်ကိုယ်ရေသုံး ပစ္စည်းများ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

အေးအေးလတ်