ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ

ညောင်ဦး  အောက်တိုဘာ ၂၂      

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

ညောင်ဦးမြို့နယ်နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တဘက်တလမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၂၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့နယ် စည်ပင်သာယာရပ်ကွက်  ရွှေစည်းခုံဘုရားကြီး တောင်ဘက်ကွင်းပြင်ကျယ်တွင် Mobile ကားဖြင့်လိုက်လံ ရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်/ကျေးရွာနေပြည် သူများလက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿချိန်  ၆၆၀ ပိဿာ ရောင်းချပေးနိုင် ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ