သီပေါ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းသွယ်က လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပလပ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုး၊ အန္တရာယ်၊ဖြစ်ပေါ်လာနိုင်သည့်ရောဂါများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး