ငါန်းဇွန် အောတိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီ အချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများ စုစည်းတင်ဆက်မှု “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး”စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မောင်ရဲဝင်းကိုကိုက မြင်းမူမောင်နိုင်မိုး၏ “ကျေးလက်အလင်း ငွေလမင်း(ကဗျာ)”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်ဇာလင်းက ပီမိုးနင်း၏ “ဘာကြောင့် စာဖတ်သလဲ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုရတီ ကျော်အေးက မြသန်းတင့်၏ “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဇေယျာစိုးမိုးက အောင်သင်း၏ “ပညာခေါင်းဆောင်ကြီးများ”ခေါင်းစဉ်ဖြင့်လည်းကောင်း မိမိတို့ဖတ်ရှုနားလည်မှုများကို ရှင်းလင်းဆွေးနွေးကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များနှင့်အတူ Grade-5 ကျောင်းသား ကျောင်းသူများကလည်း အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)