သင်္ဃန်းကျွန်း အောက်တိုဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ကောင်းမွန်သောအလေ့အကျင့်ကောင်းများထားရှိရန်၊ အနာဂတ်တွင် လူရည်ချွန်များဖြစ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင်ကောင်းများ ရရှိစေရန်အတွက် လူငယ်နှင့်အကျင့် စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်မှ ပြောကြားခဲ့ပြီး စာရေးဆရာမမြမဉ္ဇူဝေ(ကျုံမငေး)မှ ယနေ့လူငယ်လူရွယ်များနောင်ဝယ်ကာလတွင် အကျင့်စာရိတ္တကောင်းမွန်သော၊ ထူးချွန်ထက်မြက်သောလူချွန်လူကောင်းများပေါ်ထွန်းလာစေရန်၊ စာပေဖတ်ရှုမှုအားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေများမှ မှန်ကန်သောအသိတရား၊ မှန်ကန်သောဆုံးဖြတ်ချက်များ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အားလပ်သောအချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ Book Club တို့ပူးပေါင်း၍ လူငယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုဘုန်း(သင်္ဃန်းကျွန်း)