မိုင်းကိုင် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အခြေခံမဲစာရင်းများ မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို စတင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့မနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များက အမှတ်(၁)ရပ်ကွက် ပိုင်စန်းပိုင်း၊ အမှတ်(၃)ရပ်ကွက် နားလုံအနောက်ပိုင်း သို့ ကွင်းဆင်းခဲ့သည်။
ကွင်းဆင်းမှုတွင် အိမ်ထောင်စုစာရင်းရှိ လူဦးရေနှင့် မြေပြင်တွေ့ရှိလူဦးရေများအား တိုက်ဆိုင်စစ်ဆေး၍ မှတ်ပုံတင်အမှတ်မှားယွင်းခြင်းနှင့် ကွက်လပ်ဖြည့်ရန်လိုအပ်နေသော စာရင်းများကို ဖြည့်စွက်ပြင်ဆင်ပေးခြင်း၊ မွေးဖွား/သေဆုံး စာရင်းများအား တိုက်ဆိုင်စစ်ဆေးပေးခြင်း ၊ မှတ်ပုံတင် ကတ်ပြားနှစ်ကတ်သုံးကတ်ကိုင်ဆောင်သူများရှိက တိုက်ဆိုင်စစ်ဆေး၍ မလိုအပ်သည်များကို စာရင်းမှပယ်ဖျက်ခြင်း၊ ပြောင်းဝင်ပြောင်းထွက် လူဦးရေစာရင်းများအား တိုက်ဆိုင်စစ်ဆေးပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ကြီးကြပ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)