ချောင်းဆုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်ကျွန်းသာခန်းမတွင် ကျင်းပပြုလုပ်ရာ ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကြည်ဝေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဝန်ထမ်းမိသားစုများတက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ဆရာ/ဆရာမများက ဆရာဆိုသည်မှာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဂုဏ်ပြုခံဆရာကြီး/ဆရာမကြီးများအား ဆရာများ၏ဂုဏ်ကိုဖော်ညွှန်းသည့် တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသိုက်က မြတ်ဆရာပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးဆုရကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ဆရာကြီး/ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး တာဝန်ရှိသူများက ဂါရဝလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။ မြတ်ဆရာပူဇော်ပွဲတွင် ချောင်းဆုံမြို့နယ်အတွင်းရှိအသက်(၇၀) နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီး(၁၈၅)ဦးတို့အား လှူဖွယ်ပစ္စည်းများနှင့် စုစုပေါင်းကျပ်သိန်း(၁၂၀)အား လှူဒါန်းပူဇော်ကန်တော့ခဲ့ကြောင်းနှင့် အခမ်းအနားကို မေတ္တာဖြန်းမှ လန်းဆန်းမယ်တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)