နမ္မတူ အောက်တိုဘာ ၂၂
စာအုပ်စာပေဝါသနာပါသူ(Club)အဖွဲ့ဝင်များ စုစည်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ဘဝကိုကောင်းကျိုးမပေးသော လူ့မာန"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေး အမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေ နိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီး ကျွမ်းဝင်မှု ပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ဘဝကိုကောင်းကျိုးမပေးသော လူ့မာန" စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club)အဖွဲ့ဝင် ဦးသိန်းဟန်က “လူမိုက်နဲ့မာန” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ အဖွဲ့ဝင် ဒေါ်လှလှထွေးက “ငွေနဲ့မာန” ခေါင်းစဉ်ပါ အကြောင်း အရာများဖြင့် လည်းကောင်း၊ (Woman Club)အဖွဲ့ဝင် ဒေါ်ပိုးမဥ္ဇူက “ပညာနဲ့မာန” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကြောင်း၊ (Youth Club)အဖွဲ့ဝင် ဒေါ်မြတ်သူနှင်းက “အလှအပမာန” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ လစဉ် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)