လှည်းကူး စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာ၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး (၀)မိုင်တိုင်တွင် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းနှင့် ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝင်ရောက်လာသူများကို ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး (၀)မိုင်တိုင်ရှိ ကျန်းမာရေးစစ်ဆေးဂိတ်တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းများစစ်ဆေးခြင်းတို့ကို စနစ်တကျ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ရောဂါလက္ခဏာပေါ်ပေါက်လာပါက အချိန်မီကုသမှုခံယူနိုင်ရေးအတွက် စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်ဟု အမြန်လမ်း(၀)မိုင်တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး တာဝန်ခံထံမှ သိရသည်။
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ဩဂုတ်လကုန်ပိုင်းမှစ၍ ဒုတိယအကြိမ် ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (Stay at Home) သတ်မှတ်ထားသော မြို့နယ် (၂၁)မြို့နယ်မှ (၄၄) မြို့နယ်တွင် နေထိုင်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်နှင့် အရေးကြီး ကိစ္စရပ်များမှအပ ရန်ကုန်တိုင်းဒေသကြီးပြင်ပသို့ ခရီးသွားလာခြင်းကို ကန့်သတ်တားမြစ်ထားကြောင်း သိရသည်။
အလားတူ ရန်ကုန်-ပဲခူးလမ်းဟောင်းရှိ မင်းလွင်ကုန်းပူးပေါင်းစစ်ဆေးဂိတ်တွင်လည်း ခရီးသွား ပြည်သူ များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းများ စစ်ဆေးခြင်း တို့ကို စနစ်တကျအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီ ကုသမှုခံယူနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှ အခြားတိုင်း ဒေသကြီးနှင့်ပြည်နယ်များသို့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ်များအပ ထွက်ခွာသွား လာခွင့်မရှိကြောင်း၊ ထိုသို့ ဝင်ရောက်လာသူများကိုလည်း ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီး ကိစ္စရပ်များ ကိုသာ ဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်(၂)ခုတို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသော ခရီးသွားများ ကို အသွားအလာ ကန့်သတ်သည့်အနေဖြင့် Home Quarantine နေထိုင်ထားရှိမည်ဖြစ်ရာ ကုန်စည် စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များကိုသာ ဝင်/ထွက်သွားလာခွင့် ပြုထား ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)