နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများထံ ရေဆင်း(၁)စပ်မျိုး နေကြာသီးနှံမျိုးစေ့အိမ်များနှင့် သွင်းအားစုဓာတ်မြေသြဇာအိတ်များ သန်လျင်၌ ပေးအပ်

သန်လျင် အောက်တိုဘာ ၂၂

သန်လျင်ခရိုင်အတွင်းရှိ၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များအတွင်း နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများထံ ရေဆင်း(၁)စပ်မျိုး နေကြာသီးနှံ မျိုးစေ့အိတ်များနှင့် သွင်းအားစုမြေသြဇာအိတ်များ ဖြန့်ဖြူးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁) နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပ သည်။

ဦးစွာသန်လျင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းက ခရိုင်အတွင်းရှိ မြို့နယ်များမှ နေကြာသီးနှံလျာထားချက် ဧက(၁၆၄၉) ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ထားရှိမှုအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက နေကြာစိုက်တောင်သူများအနေဖြင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ နေကြာစိုက်ပျိုးခြင်းကို နိုင်ငံတော်အစိုးရမှ အားပေးကူညီလျက်ရှိကြောင်း တောင်သူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်လျင်၊ ကျောက်တန်းမြို့နယ်မှ စံပြစိုက်ကွက် စိုက်ပျိုးမည့်တောင်သူများအား နေကြာသီးနှံ မျိုးစေ့အိတ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးများက သုံးခွ၊ ခရမ်းမြို့နယ်မှ စံပြစိုက်ကွက် တောင်သူများသို့ လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဆွေနှင့် သန်လျင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းတို့က သက်ဆိုင်ရာမြို့နယ်များအား နေကြာသီးနှံမျိုးစေ့အိတ်များနှင့် သွင်းအားစုမြေသြဇာအိတ်များ ပေးအပ်ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဆွေက နေကြာသီးနှံ စိုက်ပျိုးရေးနှင့် ပတ်သက်၍ တောင်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ပြခန်းအတွင်းခင်းကျင်းပြသထားသော တောင်သူအသိပညာပေး ခေတ်မီလယ်ယာသုံး စက်ကိရိယာနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စိုက်ပျိုးရေးအသိပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။ ထိုနောက် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာတွင် ဧက(၅၀)ရေဆင်းစပ်မျိုး(၁)စံပြ စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)