နောင်ချို အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များတွင် အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိရခြင်း၏ အဓိကအကြောင်းအရင်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး၊ ကလေးငယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ကလေးအလုပ်သမားပပျောက်ရေးကြိုတင် ကာကွယ်တာဆီးရမည့်အချက်များ၊ ကလေးငယ်များအပေါ် မတရားညှင်းပန်းနှိပ်စက်မှု၊ အဓမ္မစေခိုင်းမှုများကြုံတွေ့ရပါက ဆက်သွယ်အကူအညီ တောင်းခံရမည့် နည်းလမ်းများ၊ ကလေးငယ်များ အန္တရာယ်ရှိသော လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား ဝေဝေဆာဆာထည့်သွင်း ပြသထားကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာလိုသည့် စာအုပ်စာစောင်များကိုလည်း ခင်းကျင်းပြသထားကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲသို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)