ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ရေးသူ/ ဖတ်သူစာ‌ပေဆွေးနွေးပွဲကျင်းပ

ဗဟန်း      စက်တင်ဘာ   ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌  ယနေ့နံနက် ၁၀ နာရီက စာရေးဆရာဟိန်းဇေ ကိုယ်တိုင်ရေးသားသော တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်စာအုပ်ဖြင့် ရေးသူ/ဖတ်သူ စာ‌ပေဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဗဟန်းမြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌဦးကိုကိုလေး(ရန်ကင်းကိုကိုလေး)က စာပေဆွေး‌နွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာဟိန်းဇေ ကိုယ်တိုင်ရေးသားသော တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်စာအုပ်ဖြင့် ရေးသူဖတ်သူ စာပေဆွေးနွေးပွဲပြုလုပ်ခဲ့ရာ စာရေးဆရာဟိန်းဇေက ကေတုမတီတောင်ငူရာဇဝင် အကြောင်းကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မရည်မွန် (ကျုံပျော်)က သမိုင်းထင်ရှားဖြောင့်မတ်သည့်မင်းနှစ်ပါး အ‌ကြောင်းကိုလည်းကောင်း၊ စာရေးဆရာမောင်ချစ်(သူရဲသမိန်)က တပင်ရွှေထီးကိုဖွားမြင်ခြင်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဝင်ဦးအောင်သင်းက သမိုင်းနှင့် ရာဇာဝင်ရှင်းလင်းပြောခြင်း စသည့်အကြောင်းအရာ အသီးသီးတို့ကို ဆွေးနွေးကြကြောင်းသိရသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသောစာရေးဆရာများ၊ မြို့နယ်အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး