နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ရွှေဝါထွန်း(၂) သမဝါယမအသင်း တိုးတက်ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

လယ်ဝေး အောက်တိုဘာ  ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာ၊ ရွှေဝါထွန်း(၂) သမဝါယမအသင်းတိုးတက်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့၊နေ့လယ်ပိုင်းက အဆိုပါအသင်း၌ ဒေသခံတောင်သူများ၊ အသင်းသူအသင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတက်ရောက်သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းအောင်က ရုံးတောကျေးရွာ ရွှေဝါထွန်း(၂) သမဝါယမအသင်းဖြစ်ပေါ်လာပုံနှင့် အသင်းပိုင်လယ်ယာမြေများ၊ သီးနှံစိုက်ပျိုး ခြင်း မပြုနိုင်သည့်မြေလွတ်မြေရိုင်းများ၊ သဲမြေဖုံးလွှမ်းနေသည့်နေရာများအား စိုက်ပျိုးမြေအဖြစ် ပြုပြင်၍ ဟင်းသီးဟင်းရွက်ဇုန်ဖော်ထုတ်ခြင်းဖြင့် ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်း၊ ပြည်ထောင်စုနယ်မြေအတွင်း ဟင်းသီးဟင်းရွက် ဖူလုံစေရေး၊ ပိုလျှံပါကပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးစသည်တို့ကို တင်ပြဆွေးနွေးသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သမဝါယမအသင်းများ တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ပါက ဒေသခံပြည်သူများအပါအဝင် အသင်းသားအသင်းသူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ အသင်းအား ပါဝင်လိုသူများဖြင့် တိုးချဲ့ဖွဲ့စည်းကာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေး သည်။ ဆက်လက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အသင်းသူအသင်းသားများ၊ ဒေသခံတောင်သူများက လိုအပ်ချက်များအားတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ကသက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)