ချီဖွေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး‌ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ချီဖွေ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်စုံခြယ်ပြိုင်ပွဲနှင့်‌ စာဖတ်ရှိန်မြှင့်တင် ရေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့၏ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်နှင့် အမှား/ အမှန် ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် ငယ်စဉ် ကတည်းက စာအုပ်စာပေများ လေ့‌လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိရန် လိုအပ်ပါ‌ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များတွင် စာပေဗဟုသုတများ ရရှိလာစေရန် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာ‌စောင်များ ဖတ်ရှုနိုင်ကြောင်း ပြောကြားပြီး ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဘာလဲ့ရပ်ကွက်၊‌ အခြေခံပညာ မူလတန်း‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၃) ဦးတို့က ‌ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရရှိသည့် ကျောင်းသား ကျောင်းသူများကို ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် ဆရာမ ဒေါ်လွန်းနန်းတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စာအုပ်စာပေများကို ချစ်ခင်မြတ်နိုးတတ်စေရန်အတွက် သုတ/ ရသ စာအုပ် စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာဖြင့် ဖတ်ရှုလေ့လာပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာ‌ပေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး စသည့် နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

မေခမွန်(ပြန်/ဆက်)