ကျောက်ဆည် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျောက်ဆည်အသင်း(ရန်ကုန်)မှ ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောက်ဆည်အသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌဦးမျိုးမြင့်က ကျောက်ဆည်အသင်း(ရန်ကုန်)က ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရခြင်း အကြောင်းအရင်းများ ရှင်းလင်းပြေကြားခဲ့ပြီး ရွှေသာလျောင်းဘုရား၊ ရွှေစေတီဘိုးဘွားရိပ်သာနှင့် ဆင်ပြိုင်ပွဲတော်အတွက် အလှူငွေများပေးအပ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းတွင် (၆)ဘာသာဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဆင်လက်ပြီး ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းတွင် (၅)ဘာသာ၊ (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာနှင့် (၁)ဘာသာ ဂုဏ်ထူးရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင်တွင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူ (၆၂)ဦးရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)