ရန်ကုန် အောက်တိုဘာ ၂၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများရှိ ရေကြည်ရေသန့်ရှိနိုင်သည့် နေရာများတွင် အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က နွယ်အေးရပ်ကွက်၊ အ.မ.က(၆)တွင် ကွင်းဆင်းရောက်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ ရေကြည်ရေသန့် သိုလှောင်ထားရှိရာ အုတ်ကန်များ၊ ရေအိုးများအတွင်း အဘိတ်ဆေးများခတ်ပေးခြင်း၊ စာသင်ခန်းများအတွင်း ခြင်ဆေးများမှုတ်ခြင်း၊ ရေဝပ်ရာ ပစ္စည်းအဟောင်းများအား စနစ်တကျစွန့်ပစ်ခြင်း နေ့စဉ်ဘုရား ပန်းအိုးနှင့် အလှပန်းအိုးများလဲလှယ်ပေးရန် အသိပညာပေးခြင်းတို့အပြင် သွေးလွန်တုပ်ကွေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များကိုပါ ပြည်သူများထံ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်ခံရပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့် ရောဂါဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအား အဆိုပါရောဂါမကူးစက်နိုင်စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဗိုလ်တထောင်ခရိုင် အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနှင့် မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)