သာစည်မြို့နယ် တောင်ပေါ်ဒေသ၌ ကျောင်းအဆင့်တိုးဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

သာစည် အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တောင်ပေါ်ဒေသသက္ကယ်ဒိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အထက်တန်းကျောင်းဆိုင်းဘုတ်ကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းလင်း၊ တာဝန်ခံကျောင်းအုပ်ကြီး ဦးကျော်ဌေးလွင်နှင့် ကြက်မောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအုပ် ဒေါ်ဝင်းနန္ဒာကြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူးက အမှာစကားပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံကျောင်းအုပ်ကြီးတို့က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် အဆိုပါကျောင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ်မည့်အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ပြုလုပ်ရာ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် Royal Mya Construction Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းမိုးတို့က မင်္ဂလာအချိန်တွင် ပန္နက်တိုင်များစိုက်ထူပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းအဆင့်တိုးဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ/မများ၊ Royal Mya Construction Co.,Ltd မှ တာဝန်ရှိသူများနှင့် ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်း